Search wordpress visits
Home ZomiZROZRA Zomi Revolutionary Army (Eastern Command) Interview (Burmese)

Zomi Revolutionary Army (Eastern Command) Interview (Burmese)

Interview with ZRA-EC

by Zomi Press
2 minutes read Donate
Zogam Revolutionary Army EC

“စစ်ကောင်စီနဲ့ ပူးပေါင်းဖို့နေနေသာသာ နိုင်ငံရေးပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ဆွေးနွေးထားတာလည်း မရှိပါဘူးခင်ဗျာ။ စစ်ကောင်စီကနေ ၂၀၂၁ မှာ အာဏာသိမ်းကတည်းကနေ သူတို့ကို မတိုက်ခိုက်ပါဘူး၊ သူတို့ကလည်း ကျွန်တော်တို့ကို မတိုက်ခိုက်သလို ကျွန်တော်တို့က ကိုယ့်ကိုယ် မတိုက်ခိုက်တဲ့ အဖွဲ့စည်းဖြစ်ဖြစ် လူပုဂ္ဂိုလ်ကပဲဖြစ်ဖြစ် ကျွန်တော်တို့က ရန်မရှာချင်ပါဘူးÓ Sr. JK- ယာယီပြောရေး ဆိုခွင့်ရှိသူ/ Zomi Revolutionary Army (Eastern Command)

Zomi Revolutionary Army (Eastern Command) ယာယီပြောရေးဆိုခွင့်ရှိသူ Sr. JK နှင့် မေးမြန်းချက်

ချင်းပြည်နယ်မြောက်ဖျားပိုင်းမှာ အခြေစိုက်တဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့-တွန်းဇံ (CDF-Tonzang) ကို ဩဂုတ်လ ၃၁ ရက်နှင့် စက်တင်ဘာလ ၁၀ ရက်နေ့မှာ Zomi Revolutionary Army (Eastern Command) တပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာမှာ CDF-Tonzang ဘက်က ရဲဘော် ၂ ဦး ကျဆုံးပြီး လက်နက်ခဲယမ်း အမြောက်အများ ဆုံးရှုံးမှု ဖြစ်ပွားခဲ့ပါတယ်။

Zomi Revolutionary Army (Eastern Command) တပ်ဖွဲ့ဟာ ယခင်ကလည်း တီးတိန်၊ တွန်းဇံ မြို့နယ်တွေမှာ အခြေစိုက်တပ်စွဲထားတဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ စခန်းကို ဖျက်ဆီးသိမ်းပိုက်တာတွေ လုပ်ခဲ့သလို ချင်းအမျိုးသားတပ်မတော် CNA၊ CDF တပ်ဖွဲ့တွေနဲ့လည်း ထိတွေတိုက်ပွဲတွေ ဖြစ်ပွားလေ့ရှိပါတယ်။

ဒီလိုအခြေအနေတွေကြောင့် Zomi Revolutionary Army (Eastern Command) ဟာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး နယ်ခြားစောင့်တပ်သဖွယ် ဆောင်ရွက်နေပြီဆိုတဲ့ စွပ်စွဲပြောဆိုချက်တွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။

ZRA EC အနေနဲ့ ဘာကြောင့် ချင်းတော်လှန်ရေးတပ်ဖွဲ့ကို တိုက်ခိုက်နေရတာပါလဲ၊ စစ်ကောင်စီနဲ့ တကယ်ပဲ ပူးပေါင်းနေပြီလား၊ သူတို့တပ်ဖွဲ့ရဲ့ ရပ်တည်ချက်ဘာလဲဆိုတာ သိနိုင်ဖို့ Zomi Revolutionary Army (Eastern Command) ယာယီပြောရေးဆိုခွင့်ရှိသူ Sr. JK ကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ Zomi Revolutionary Army- ZRA (Eastern Command) ကို ဘယ်ခုနှစ်တုန်းက ဘယ်လို ဖွဲ့စည်း တည်ထောင်ထားပါလဲ။ သမိုင်းကြောင်းကို အတိုချုပ်ရှင်းပြပေးနိုင်မလား။

ဖြေ။ ။ သမိုင်းကြောင်းကတော့ ဆရာတို့လည်း သိထားတဲ့အတိုင်းပဲ Pu Zo Thang ကနေ ဦးစီးပြီးတော့ ၂၀၁၃ ခုနှစ်မှာ ZRA အရှေ့ပိုင်းတိုင်း ဆိုပြီးတော့ မြန်မာနိုင်ငံတွင်းမှာပဲနေထိုင်တဲ့ မြန်မာနိုင်ငံသား တွေထဲက ဇိုမီးလူမျိုးတွေနဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ အဖွဲ့စည်းတစ်ခုဖြစ်ပါတယ်။ Eastern Command တစ်ခုတည်းရဲ့ ရည်ရွယ်ချက်၊ ရည်မှန်းချက် မဟုတ်ဘဲနဲ့ ZRA ရဲ့ ရည်မှန်းချက်က မြန်မာ၊ အိန္ဒိယ၊ ဘင်္ဂလားဒေရှ့်စတဲ့ နိုင်ငံ ၃ နိုင်ငံမှာ နေထိုင်ကြတဲ့ Zo Suan (ဇိုမျိုးနွယ်စု) တွေကို စုစည်းနိုင်ဖို့ အတွက် ရည်ရွယ်ပြီးတော့ ဖွဲ့စည်းထားတာ ဖြစ်တဲ့အတွက်ကြောင့် Eastern Command မှာလည်း ZRA ရှိသင့်တယ်ဆိုတဲ့ ခံယူချက်နဲ့ ZRA – Eastern Command ကို ဖွဲ့စည်းရခြင်း ဖြစ်ပါတယ်။ ပေါ်လစီတွေကတော့ ကျွန်တော်တို့ Zogam Charter ဆိုပြီးတော့၊ အဲ့ဒီ Charter ထဲမှာပဲ Policy သွားရမယ့် လမ်းကြောင်းတွေ အကုန်လုံးပါပြီးသား ဖြစ်ပါတယ်။

မေး။ ။ ဒါဆိုရင် ZRA- EC ဆိုတာ ZRA အဖွဲ့အစည်းရဲ့ လက်အောက်ထဲကအဖွဲ့တစ်ခုပေါ့နော်။ ZRA နဲ့ ZRA EC က ဘယ်လိုကွာခြားချက်ရှိပါလဲ။

ဖြေ။ ။ တစ်ခုတည်းပါပဲခင်ဗျာ။ Eastern Command ဆိုတာက မြန်မာနိုင်ငံထဲ ဝင်ရောက်လာတဲ့ အတွက်ကြောင့်ပေါ့နော်၊ အဲ့ဒီအချိန်မှာ ကျွန်တော်တို့ ချင်းလူမျိုးတွေစီမှာရှိတဲ့ ရိုးရာတစ်ခုလိုပေါ့၊ ဘယ်လိုပြောရမလဲဆိုရင် မိဘအိမ်ကနေ အိမ်ခွဲနေသလိုပေါ့နော်၊ အဲ့လိုမျိုးပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ Headquarter တချို့ကတော့ ZRO/ZRA ရဲ့ လက်အောက်မှာပဲ ရှိတာပါ။

မေး။ ။ ZRA- EC ကရော ဘယ်လိုရပ်တည်ချက်ရှိပါလဲ။ ဘယ်ဒေသတွေမှာ အခြေပြုတိုက်ပွဲဝင်နေကြပါလဲ ခင်ဗျာ။

ဖြေ။ ။ ကျွန်တော်တို့ အခြေပြုလှုပ်ရှားတဲ့ နေရာကြတော့ ကျွန်တော်တို့ ဇိုမီး (Zomi) လူမျိုးစုတွေ အများစု နေထိုင်တဲ့ တီးတိန်ခရိုင်ပေါ့နော်။ အခုစစ်ကောင်စီက သတ်မှတ်ထားတာ တီးတိန်ခရိုင်၊ တီးတိန်၊ တွန်းဇံ၊ ကျီခါး၊ ကလေးကဘော် ဒါက ကျွန်တော်တို့ အများစုနေထိုင်တဲ့ နေရာကို အခြေပြုပြီးတော့ ကျွန်တော်တို့ လှုပ်ရှားကြပါတယ်။ ပြီးတော့ တိုက်ပွဲအခြေနေကတော့ ကျွန်တော်တို့ကို အနှောက်ယှက် မပေးတဲ့လူတွေကို သွားပြီးတော့မတိုက်ခိုက်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့လမ်းကြောင်းကို အနှောကယှက်ပေးတဲ့ ဘယ်အဖွဲ့စည်းမဆိုကိုတော့ ကျွန်တော်တို့ လက်နက်ကိုင် လမ်းစဉ်ကို ဦးစားပေး လှုပ်ရှားတဲ့ အဖွဲ့စည်း မဟုတ်ပဲနဲ့ ကျွန်တော်တို့က တတ်နိုင်သမျှ ညှိနှိုင်းပြီးတော့ လှုပ်ရှားတဲ့ အဖွဲ့စည်းဖြစ်တဲ့အတွက်ကြောင့်မို့ ညှိနှိုင်းလို့ မရတဲ့အဆုံးမှာပဲ ကျွန်တော်တို့က လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ရခြင်း ဖြစ်ပါတယ်။

ပြီးတော့ ဒီလက်နက်ကိုင်တဲ့ ရည်ရွယ်ချက်ကတော့ အခုတလော ခေတ်စားနေတဲ့ ဖက်ဒရယ် (Federal) ပေါ့နော်၊ အခုမှ ဗမာလူမျိုးအများစုက ပါးစပ်ထဲမှာ ခေတ်စားလာတယ် ဖြစ်ပေမဲ့၊ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ ကိုယ့်ဒေသကိုယ့်နယ်မြေကို ကိုယ့်လူမျိုးတွေက အုပ်ချုပ်ခွင့်ရမယ့် ဖက်ဒရယ် (Federal) လို ပေါ့နော်၊ အဲ့ဒါကို အခြေခံပြီးတော့ လှုပ်ရှားနေတာ ဖြစ်ပါတယ်။ လက်နက်ကိုင်ရတဲ့ ရည်ရွယ်ချက်ကတော့ အဲ့ဒါပါပဲ။ ဒါပေမဲ့ လက်နက်ကိုင်ဆိုပေမဲ့ တိုက်ပွဲတွေပဲ တိုက်ရမယ်ဆိုတဲ့ အတွေးအခေါ်တော့ မရှိပါဘူး။ ကျွန်တော်တို့က လက်နက်ကိုင်မှပဲ ကျွန်တော်တို့ပြောတဲ့စကားက သူများနားထဲ ဝင်တယ်ဆိုတော့ အဲ့ဒါကြောင့် လက်နက်ကိုင်ရခြင်း ဖြစ်ပါတယ်။

မေး။ ။ ဒါဆိုရင် ZRA- EC ရဲ့ နိုင်ငံရေး ရည်မှန်းချက်ပန်းတိုင်က ဘာဖြစ်မလဲ။

ဖြေ။ ။ နိုင်ငံရေးရည်မှန်းချက်ကတော့ ကျွန်တော်အခုနက ပြောထားတဲ့အတိုင်းပဲ၊ ကိုယ့်ဒေသ၊ ကိုယ့်နယ်မြေကို ကိုယ့်လူမျိုးကပဲ အုပ်ချုပ်ရမယ်ဆိုတဲ့ နိုင်ငံရေးရည်မှန်းချက်၊ မြန်မာနိုင်ငံကို ဖက်ဒရယ် (Federal) စနစ်နဲ့သွားမယ်ဆိုရင် ဖက်ဒရယ်ယူနစ် (Federal Unit) တစ်ခုအဖြစ် ရပ်တည်နိုင်အောင်လို့ ကိုယ့်လူမျိုး၊ ကိုယ့်ဒေသကို မျက်နှာမငယ်ရအောင်ပေါ့နော်။ အဲ့လိုမျိုး လက်နက်ကိုင် အဖွဲ့အစည်းတစ်ခု ရှိထားမှဖြစ်မယ်ဆိုတဲ့ နိုင်ငံ‌ရေး ရည်မှန်းချက်ကတော့ အခုန ပြောထားတဲ့အတိုင်းပါပဲ ကျွန်တော်တို့က ကိုယ်အုပ်ချုပ်ခွင့်ရအနည်းဆုံး အဲ့ဒါတော့ ကျွန်တော်တို့ ဇိုနယ်မြေဒေသ (Zogam) Charter ထဲမှာ ပါပြီးသားပါပဲ။

မေး။ ။ ဖေဖော်ဝါရီလ ၅ ရက်က Zomi Political Coordination Committee နဲ့ ZRA-EC အဖွဲ့က နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ပေးအပ်တဲ့ နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်ကို လက်ခံရရှိပြီး ဇိုမီးပြည်နယ် ရရှိရေး တိုက်ပွဲဝင်နေတယ်ဆိုတဲ့ ထုတ်ပြန်ချက်တစ်ခု အွန်လိုင်းပေါ် ပျံ့နှံ့လာခဲ့တာ တွေ့ရပါတယ်။ အဲဒီအကြောင်းကိုလည်း ရှင်းပြပေးနိုင်မလားခင်ဗျာ။ တကယ်ဟုတ်ပါလား။

ဖြေ။ ။ အဲ့ဒါတော့ တကယ်မဟုတ်ပါဘူးခင်ဗျာ။ စစ်ကောင်စီနဲ့လည်း အခုချိန်ထိ ကျွန်တော်တို့ Eastern Command စတင်ဖွဲ့စည်းကတည်းကပေါ့နော် အဲ့ဒီကတည်းကလည်း တခါမှ လူချင်းတွေ့ပြီးတော့ စကားပြောဆိုထားခြင်း မရှိသလို၊ ဖုန်းနဲ့ပဲဖြစ်ဖြစ် စကားပြောဆိုထားခြင်း မရှိသေးပါဘူး၊ နိုင်ငံရေးအရပဲ ဖြစ်ဖြစ်၊ စစ်ရေးအရပဲဖြစ်ဖြစ် ပူးပေါင်းတာလည်း မရှိသေးသလို နောက်နှောင်လည်း ပူးပေါင်းမှာ မဟုတ်သလို အခုပြောတဲ့ အဲ့ဒီထုတ်ပြန်ထားတဲ့ ပြည်သူ့စစ်ဘာညာဆိုတာတွေကလည်း ကျွန်တော်တို့ မကြိုက်ပါဘူး။

ကျွန်တော်တို့က Zomi တော်လှန်ရေး တပ်မတော်ဖြစ်တဲ့ အတွက်ကြောင့်မို့ ကျွန်တော်တို့လူမျိုးကို ကိုယ်စားပြု ဖြစ်တဲ့အတွက်ကြောင့်မို့ ကျွန်တော်တို့ လက်ခံနိုင်ခြင်းမရှိတဲ့ ဘယ်အဖွဲ့စည်းမဆို ကျွန်တော်တို့ နောက်နောင်လည်း ပါးစပ်နဲ့ပြောလို့မရရင် လက်နက်နဲ့ပြောမှာ ဖြစ်ပါတယ်။ အဲ့ဒီ အကိုပြောတဲ့ဟာတွေတော့ သူများတွေ Fake အကောင့်နဲ့ လုပ်ထားခြင်းပဲ ဖြစ်ပါတယ်ဗျ။ ကျွန်တော်တို့ စစ်ကောင်စီနဲ့တော့ နိုင်ငံရေးပဲဖြစ်ဖြစ် အပစ်ခတ် စာချုပ်နဲ့ပဲဖြစ်ဖြစ် တစ်ခုမှလည်း ထိုးထားခြင်း မရှိသေးပါဘူးခင်ဗျာ။

မေး။ ။ နွေဦးတော်လှန်ရေးကနေပေါက်ပွားလာတဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့လည်း ZRA- EC တပ်ဖွဲ့တွေ ချင်းပြည်နယ်မှာ တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားတာတွေရှိပါတယ်။ ဘာကြောင့်ပါလဲ။

ဖြေ။ ။ အဲ့ဒါတော့ ရှင်းရှင်းလေးပါပဲ ကျွန်တော်အခုန ပြောသလိုပါပဲ၊ ကိုယ့်နယ်မြေ ကိုယ့်ဒေသမှာပဲ အေးအေးဆေးဆေး နေတယ်ဆိုရင်တော့ ဖြစ်စရာမရှိပါဘူးပေါ့နော်။ အခုက နယ်မြေကျူးကျော် လာတဲ့ အတွက်ကြောင့် ကျွန်တော်တို့နယ်မြေထဲကို အခြားလက်နက်ကိုင် ဘာအဖွဲ့စည်းမှ မရှိစေချင်ဘူး၊ ကျွန်တော်တို့ကလွဲပြီးမှ ဘယ်အဖွဲ့စည်းမှ မရှိစေချင်းဘူးဆိုပြီးမှ ၂၀၂၁ နွေဦးတော်လှန်ရေး စတင်ကတည်းက ကျွန်တော်တို့ စာထုတ်ထားပါတယ်။ ထုတ်ပြန်ချက် တွေလည်း တွေ့ရမှာပါ။

တိုက်ပွဲဖြစ်ရတဲ့ အကြောင်းရင်းကတော့ အများကြီးပါပဲ၊ အဲဒါ အကြောင်းရင်းကတော့ ရိုးရိုးရှင်းရှင်းပါပဲ၊ ကိုယ့်နယ်မြေ၊ ကိုယ့်ဒေသမှာ စတင်တိုက်ခိုက်ချင်တဲ့ ရည်ရွယ်ချက်နဲ့ တိုက်ခိုက်တာ မဟုတ်ပါဘူး။ အခုဖြစ်ထားတဲ့ တိုက်ပွဲတွေကတော့ CNA နဲ့ အပေါင်းအပါ အများစုကနေပြီးတော့ ကျွန်တော်တို့ နယ်မြေထဲမှာ လာရောက်ပြီးတော့ တပ်စွဲထား တယ်။ အဲ့တပ်စွဲထားတာ တစ်ခုတည်းမဟုတ်ဘဲနဲ့ ကျွန်တော်တို့စခန်းကို လာရောက်တိုက်ခိုက်တဲ့ အတွက်ကြောင့်မို့ ကျွန်တော်တို့ ခုခံရခြင်းဖြစ်တယ်။ ကျွန်တော်တို့နယ်မြေထဲမှာ ကျွန်တော်တို့ ခွင့်ပြုချက်မရဘဲနဲ့ပေါ့နော် လာရောက်တပ်စွဲထားတဲ့ အတွက်ကြောင့် အများစုတိုက်ပွဲဖြစ်တာ ဖြစ်ပါတယ်။

ထိတွေ့တိုက်ပွဲ ဖြစ်ပွားရတဲ့အကြောင်းရင်းကတော့ သူတို့က ကျွန်တော်တို့ စခန်းကို လာတိုက်ခိုက်တယ်၊ လာပြီးတော့ တိုက်ခိုက်တဲ့အတွက်ကြောင့် အများစုက တိုက်ပွဲဖြစ်ရတာ ဖြစ်ပါတယ်။ ကျန်တာတော့ ကျွန်တော်တို့က သူတို့နယ်မြေထဲကို သွားပြီးတော့ တိုက်ခိုက်တာ မရှိပါဘူးခင်ဗျာ။ ဥပမာ ပြောရမယ်ဆိုရင် တီးတိန်နဲ့အနီးဆုံးက ဖလမ်းနယ်မြေထဲမှာ ကျွန်တော်တို့က ဘယ်တုန်းကမှ ကျူးကျော်ပြီး တိုက်ခိုက်ခြင်းမရှိပါဘူး။ CNF ရဲ့ ဌာနချုပ်နားဖြစ်တဲ့ ထန်တလန်ဘက်မှာလည်း ကျွန်တော်တို့ ကျူးကျော်ပြီးတော့ သွားရောက်ယှဉ်နေတာ မဟုတ်ပါဘူး။ သူတို့ကပဲ ကျွန်တော်တို့ နယ်မြေထဲကို လာရောက်ပြီးတော့ အခြေချတပ်စွဲရုံမကဘဲ ကျွန်တော်တို့စခန်းတွေကို တိုက်ခိုက်လို့ တိုက်ပွဲဖြစ်ရတာပါ။

မေး။ ။ CDF တွန်းဇံရဲ့ အမှတ် ၂ နဲ့ အမှတ် ၃ စခန်းတွေမှာ နှစ်ကြိမ်တိုင်တိုင် တိုက်ပွဲတွေ ဖြစ်ပွားခဲ့ ကြတယ်လို့ သိရပါတယ်။ အဲဒီကတိုက်ပွဲတွေက ဘယ်လိုကြောင့် ဖြစ်ပွားရတယ်ဆိုတာ ရှင်းပြပေး စေချင်ပါတယ်။

ဖြေ။ ။ အဲ့ဒါတော့ ကျွန်တော်တို့အရှေ့မှာ ပြောထားတဲ့အတိုင်းပါပဲ၊ ကျွန်တော်တို့ နယ်မြေထဲမှာ ခွင့်ပြုချက် မရှိဘဲနဲ့ လာရောက်တပ်စွဲထားတယ်။ အဲ့ဒါတစ်ခုတည်း မဟုတ်ဘူး။ ကျွန်တော်တို့ အဖွဲ့အစည်းက နေပြီးတော့ မြို့ထဲမှာ တိုက်ပွဲမဖော်‌ဆောင်ပါနဲ့၊ ပြည်သူလူထုနစ်နာတယ် အဲ့လိုမျိုး ပါးစပ်နဲ့ သွားပြောတယ်၊ ဖုန်းနဲ့ ဆက်သွယ်တယ်၊ အကြောင်းအများကြီး ဆွေးနွေးတယ်။ နောက်ဆုံးမှာ ဆွေးနွေးလို့ မရတဲ့အဆုံးမှာ Zogam Charter လမ်းစဉ်အတိုင်း ကျွန်တော်တို့က စတင်တိုက်ခိုက်ခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ကလည်း တိုက်ခိုက်ချင်လွန်းလို့ မဟုတ်ပါဘူး၊ ကျွန်တော်တို့ကို တိုက်ခိုက်မယ် တကယ်လုပ်နေလို့ ကျွန်တော်တို့က လက်ဦးမှုယူပြီးတော့ ရှင်းလင်းရခြင်း ဖြစ်တဲ့အတွက်ကြောင့် တိုက်ပွဲတွေ ဖြစ်ရတာပါ။

မေး။ ။ ဩဂုတ်လ ၃၁ ရက်က CDF တွန်းဇံ တပ်ရင်း ၃ စခန်းကို တိုက်ခိုက်မှုက စစ်ကောင်စီတပ်နဲ့ ပူးပေါင်း တိုက်ခိုက်ခဲ့တယ်လို့ CDF တွန်းဇံက ထုတ်ပြန်ထားပါတယ်။ အဲဒီအပေါ်မှာ ဘယ်လိုမှတ်ချက် ပေးချင်ပါလဲ။

ဖြေ။ ။ အဲ့ဒါကတော့ သူတို့က ပြည်သူလူထုကို ဂျင်းထည့်တာပါခင်ဗျာ။ ဘယ်စစ်ကောင်စီနဲ့မှ ပူးပေါင်း တိုက်ခိုက်ခြင်း မရှိပါဘူး။ ကျွန်တော်တို့ အဖွဲ့စည်းတစ်ခုတည်းနဲ့လုပ်တာ ဖြစ်ပါတယ်။ အဲ့ဒါ ပြည်သူလူထုကို ဒုက္ခပေးနေတဲ့အတွက်ကြောင့် သွားရောက်တိုက်ခိုက်ရတာ ဖြစ်ပါတယ်။ စစ်ကောင်စီနဲ့တော့ ပူးပေါင်းထားတာ မရှိပါဘူး။

မေး။ ။ စစ်အာဏာသိမ်းပြီးတဲ့နောက် ZRA-EC ဟာ စစ်ကောင်စီတပ်ဖွဲ့ကို မတိုက်ခိုက်ဘဲ စစ်ကောင်စီတပ်ဖွဲ့နှင့် ပူးပေါင်းမှုရှိတယ်လို့ ဆိုပါတယ်။ ဒီဟာနှင့်ပတ်သက်ပြီး ရှင်းပြပေးလို့ရမလားခင်ဗျာ။

ဖြေ။ ။ စစ်ကောင်စီနဲ့ ပူးပေါင်းဖို့နေနေသာသာ နိုင်ငံရေးပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ဆွေးနွေးထားတာလည်း မရှိပါဘူးခင်ဗျာ။ စစ်ကောင်စီကနေ ၂၀၂၁ မှာ အာဏာသိမ်းကတည်းကနေ သူတို့ကို မတိုက်ခိုက်ပါဘူး၊ သူတို့ကလည်း ကျွန်တော်တို့ကို မတိုက်ခိုက်သလို ကျွန်တော်တို့က ကိုယ့်ကိုယ် မတိုက်ခိုက်တဲ့ အဖွဲ့စည်းဖြစ်ဖြစ် လူပုဂ္ဂိုလ်ကပဲဖြစ်ဖြစ် ကျွန်တော်တို့က ရန်မရှာချင်ပါဘူး။ ကျွန်တော်တို့ ဒီအတိုင်း အေးအေးဆေးဆေးငြိမ်နေခြင်းသာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့နဲ့ ပူးပေါင်းတယ် ပူးပေါင်းတယ်လို့ ပြောနေတဲ့သူတွေက ကျွန်တော်တို့ကို ပြည်သူတွေက ထောက်ခံမှာကို အရမ်းစိုးရမ်တဲ့အတွက်ကြောင့် ကောလာဟာလသတင်းတွေကို ဖြန့်နေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့က စစ်ကောင်စီနဲ့ ဘယ်သောအခါမှ နိုင်ငံရေးအရပဲ ဖြစ်ဖြစ် စစ်ရေးအရပဲ ဖြစ်ဖြစ် ပူးပေါင်းထားတာ မရှိပါဘူး။ အဲ့တာကိုတော့ ကျွန်တော် ဒီမီဒီယာကနေ ပြောချင်နေတာ ကြာပါပြီခင်ဗျာ။

မေး။ ။ ZRA -EC အနေနဲ့ မိမိတို့ ထိန်းချုပ်နယ်မြေထဲမှာ ဘယ်လက်နက်ကိုင်မှ မရှိစေချင်ဘူး၊ ဒါကြောင့် လာရောက် တပ်စွဲတဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ရတာလို့ ပြောထားတာ ရှိပါတယ်။ စစ်ကောင်စီတပ်ကလည်း ဆရာတို့နယ်မြေမှာ ရှိတာပဲလေ၊ ဘာကြောင့် စစ်ကောင်စီနဲ့ကျတော့ တိုက်ပွဲ မဖြစ်ရတာပါလဲ၊ မတိုက်ချင်လို့လား၊ နားလည်မှုရှိလို့လား။

ဖြေ။ ။ အဲ့ဒါတော့ ဒီလိုရှိပါတယ်၊ ကျွန်တော်တို့ကို ရန်မမူတဲ့ ဘယ်အဖွဲ့စည်းကိုမဆို ရန်မမူဘူးပေါ့နော်။ အဲဒါ ကျွန်တော်တို့ရဲ့ မူထဲမှာရှိထားတယ်။ ကိုယ့်ကို ရန်မရှာတဲ့ အဖွဲ့စည်းကို ကိုယ်က ရန်မရှာချင်ဘူး ဆိုတဲ့ ပုံစံလိုမျိုးပေါ့နော်။ ချင်းတော်လှန်ရေးတပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်တယ်ဆိုတာကလည်း သူတို့က ကျွန်တော်တို့ကို ရန်ရှာလို့ ကျွန်တော်တို့နဲ့ တိုက်ပွဲဖြစ်ရတာ ဖြစ်ပါတယ်။ စကစကိုလည်း ကျွန်တော်တို့က မတိုက်ချင်လွန်းလို့ မဟုတ်ပါဘူး။ တိုက်ခိုက်လို့ ရပါတယ်၊ ဒါပေမဲ့ သူတို့က ကျွန်တော်တို့ကို ရန်မရှာဘူး။ သူတို့ဟာနဲ့ သူတို့စခန်းထဲမှာအေးဆေးနေတယ်၊ ကျွန်တော်တို့ ကလည်း သူတို့ကို သွားမနှောက်ယှက်ဘူး၊ သူတို့ကလည်း ကျွန်တော်တို့ကို လာမနှောက်ယှက်ဘူး ဆိုတော့၊ လာမနှောက်ယှက်တဲ့ အဖွဲ့စည်းကို ကျွန်တော်တို့က ပြန်ပြီးတော့ တိုက်ခိုက်တယ် ဆိုတာကတော့ အဲ့ဒါသက်သက်မဲ့ ရန်ရှာတဲ့သဘော ရှိတယ်ပေါ့နော်။ ကျွန်တော်တို့ရဲ့ မူဝါဒနဲ့လည်း မကိုက်ညီဘူးပေါ့။

မေး။ ။ ဆရာတို့ကလည်း ဖက်ဒရယ် ဒီမိုကရေစီ ရရှိရေးဆိုတဲ့ ရည်မှန်းချက်ရှိထားတော့ အခုလက်ရှိ ချင်းတော်လှန်ရေး တပ်ဖွဲ့တွေဆိုတာလည်း ဖက်ဒရယ်ဒီမိုကရေစီအတွက် တော်လှန်ရေးအဖွဲ့ ဝင်ကြတယ်ဆိုတော့ အခုချိန်မှာ ဆရာတို့အဖွဲ့အနေနဲ့ ချင်းတော်လှန်ရေး တပ်ဖွဲ့တွေနဲ့အတူ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်မှု မဖော်ဆောင်တာ ဘာကြောင့်လည်း သိလို့ရမလားခင်ဗျာ။

ဖြေ။ ။ အဲ့ဒါတော့ ဒီလိုရှိပါတယ် ခင်ဗျာ။ အကိုလည်း သိပြီးပြီဖြစ်မှာပါ၊ Chinland Joint Defense Committee ပေါ့နော်၊ ချင်းပြည်နယ်မှာရှိတဲ့ လက်နက်ကိုင်အဖွဲ့စည်းတွေ ပေါင်းစည်းထားတဲ့ အဖွဲ့စည်းပေါ့။ အဲ့ဒီအဖွဲ့စည်းကနေ ကျွန်တော်တို့ကို လက်လည်းမခံဘူး၊ ကျွန်တော်တို့ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်တယ်၊ ဘာမဆိုင်ညာမဆိုင်ပဲနဲ့ပေါ့ သတ်မှတ်တယ်။ အဲ့ဒီအခါကြတော့ သူတို့နဲ့ပေါင်းစပ်ဖို့ဆိုတာက မဖြစ်နိုင်တဲ့အခြေနေ ဖြစ်သွားပြီပေါ့နော်။ အဲ့ဒီအခါမှာ မဖြစ်နိုင်တဲ့အတွက်ကြောင့်ပေါ့နော်၊ ကျွန်တော်တို့ကလည်း ကျွန်တော်တို့ကို လာပြီးတော့ ရန်မရှာတဲ့ အဖွဲ့အစည်းကို ကျွန်တော်တို့က ရန်ပြန်မရှာချင်ဘူး။

အဲ့ဒါကြောင့် ကိုယ့်ဟာနဲ့ကိုယ် အေးဆေးနေတာ။ အေးဆေးနေတဲ့ အဖွဲ့အစည်းကို ချင်းတော်လှန်ရေး အဖွဲ့ထဲမှာ အင်အားနည်းနည်းကြီးတဲ့ CNA နှင့် သူ့ရဲ့ လက်အောက်ငယ်သား အဖွဲ့စည်းတချို့က ကျွန်တော်တို့ကို လာတိုက်ခိုက်လို့ အဲ့လိုမျိုး ချင်းတော်လှန်ရေးအဖွဲ့နဲ့ တိုက်ပွဲဖြစ်ရတယ်ဆိုတဲ့ အကြောင်းအရင်းတွေပေါ့နော်၊ ကျွန်တော်တို့ကလည်း ချင်းတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့လည်း တိုက်ပွဲမဖြစ်ချင်ပါဘူး၊ ဘာဖြစ်လို့လည်းဆို‌တော့ ကျွန်တော်တို့ရဲ့ မူဝါဒကိုက လက်နက်ကိုင် ထားတယ်ဆိုပေမဲ့ တိုက်ပွဲဖြစ်ရမယ်၊ စစ်တိုက်ရမယ် ဆိုတဲ့ဟာ မရှိပါဘူး၊ ဖြစ်နိုင်ရင် ညှိနှိုင်း ဆွေးနွေးမယ်၊ မဖြစ်နိုင်တဲ့အခါကျမှ လက်နက်ကိုင်တဲ့ လမ်းစဉ်နဲ့ပဲ ဖြေရှင်းရတာ ဖြစ်ပါတယ်။

မေး။ ။ အခြားဘာများ ဖြည့်စွက်ပြောကြားချင်တာ ရှိပါသေးလဲခင်ဗျာ။

ဖြေ။ ။ ဖြည့်စွက်ပြောချင်တာက‌တော့ အွန်လိုင်းပေါ်မှာ Fake Account တွေနဲ့ ကျွန်တော်တို့အဖွဲ့စည်းကို မကောင်းကြောင်းတွေပြော၊ မဟုတ်မမှန်တာတွေ ပြောနေတာတွေ မယုံကြည်ပဲနဲ့ ကျွန်တော်တို့ ဒီ ZRA Eastern Command ကနေ ထုတ်ပြန်တာတွေကိုပဲ ယုံကြည်ပေးကြဖို့အတွက်နဲ့ ပြီးတော့ ချင်းလက်နက်ကိုင် အဖွဲ့စည်းတွေ အခြားအဖွဲ့စည်းတွေကိုလည်း ကိုယ့်နယ်မြေ၊ ကိုယ့်ဒေသကိုပဲ အေးဆေးဆေးပြန်ပါ။ သူများနယ်မြေဒေသကို တပ်စွဲတာတွေမလုပ်ဖို့၊ အဲ့ဒါတွေ ကျွန်တော်ဖြည့်စွက် ပြောကြားလိုပါတယ်ခင်ဗျာ။

KMG ပေးပို့သည်။
https://mmpeacemonitor.org

You may also like

Leave a Comment

About Us

Zomi Press: Beyond News and Views.
A Trilingual (ဇိုမီး) Zomi International Media.

Feature Posts

Newsletter

Subscribe our Newsletter for new blog posts, tips & new photos. Let's stay updated!

Are you sure want to unlock this post?
Unlock left : 0
Are you sure want to cancel subscription?
-
00:00
00:00
Update Required Flash plugin
-
00:00
00:00

Adblock Detected

Please support us by disabling your AdBlocker extension from your browsers for our website.